Tuesday, December 1, 2009

ဆန်း ဆိုမှ ဆန်း

ဆန်းကျမ်းဗေဒင်ဟာ ဘယ်အသက်ရောက်ရင် ဘာဖြစ်မယ် ဆိုတဲ့၊ ဘယ်ဖွားမို့ ဘာဆိုတဲ့ ပုံသေပညာ မဟုတ်ပါဘူး။

တခြားနိုင်ငံတွေက ဗေဒင်တွေတော့ မသိဘူး။ မြန်မာ့ရိုးရာဗေဒင်ပညာတွေထဲက ဆန်းကျမ်းဗေဒင်ပညာမှာတော့ ပရလောကနဲ့ ပက်သက်တဲ့ ဟောကွက်တွေ ရှိနေတာ တွေ့ရပါတယ်။ မဟာဘုတ်ပညာကို ထဲထဲဝင်ဝင် လေ့လာလိုက်စားလို့ မဆုံးနိုင်တဲ့ ဆရာဝေသာလီမောင်ဖုန်းကတော့ နာမည်အဖျားလုံးက မရဏဂြိုဟ်နဲ့ ကပ်ငြိလာတဲ့အခါ ကာယကံရှင်ဟာ သရဲ၊ သဘက်၊ တစ္ဆေလို ပရလောကသားတွေနဲ့ ပက်သက်ရပြီး အခြောက်အလှန့်လည်း ခံရတတ်တယ်လို့ သင်ပြဖူးပါတယ်။

ဆန်းကျမ်းဗေဒင်ပညာမှာတော့ အောက်လမ်းနဲ့ အတိုက်ခံရမယ်၊ အိမ်နားမှာ ခေါင်းစွဲ၊ ဝမ်းတွင်းစုန်း ရှိမယ်။ အောက်လမ်းဆရာ ရှိမယ်။ မိုးကြိုးပစ်ချမယ်။ ..အစရှိတဲ့ သြချလောက်တဲ့ ဟောကိန်းတွေ ရှိတယ်လို့ မှတ်သားဖူးပါတယ်။ ဒီအထဲမှာမှ ... သရဲ၊ သဘက်၊ ဘီလူး၊ ရုက္ခစိုး၊ နတ်တိုက်စုန်းတိုက်တွေနဲ့ ရင်ဆိုင်ရမယ်ဆိုတဲ့ ဟောကွက်မျိုးကတော့ ဒီလို အိုင်တီခေတ်ကြီးနဲ့ ဆီလျော်တာ မလျော်တာ အပထား၊ ချစ်စရာကောင်းသလို ကြောက်စရာလည်း ကောင်းတဲ့အတွက် တစ်ဆင့် ပြန်လည်ဖောက်သည်ချလိုက်ရပါတယ်။ ဆန်းကျမ်းဗေဒင်ကို နားလည်သူတွေက ဒီဥပဒေသတွေက ဘာဆိုတာ တန်းခနဲ သဘောပေါက်သွားမှာပါ။

၆+၈ သောကြာဂြိုဟ်ကို ရာဟုကပ်ပြီး ဆန်းကျင်ရင် သရဲဖမ်းစားမယ်။ ညနေဘက်မေးရင် သရဲဖမ်းစားလို့ နာမကျန်းသူ သေတတ်တယ်။

၆+၅ သောကြာကို ဆန်းကျင် ကြာသပတေးကပ်ရင် သဘက်ဖမ်းစားမယ်။ ၅+၄ ကြာသပတေးကို ဗုဒ္ဓဟူးကပ်ပြီး ဆန်းကျင်ရင် ဘီလူးဖမ်းစားမယ်။ မြေဖုတ်ဘီလူးရှိတယ်။

၎+၃ ဗုဒ္ဓဟူးကို အင်္ဂါကပ်ပြီး အကပ်ဂြိုဟ်ညံ့၊ ဆန်းကျင်ရင် ရုက္ခစိုး ဖမ်းစားတယ်။ ဝ+၃ စနေကို အင်္ဂါကပ်၊ အကပ်ဂြိုဟ်ညံ့ပြီး ဆန်းကျင်ရင် စုန်းတိုက်၊ နတ်တိုက်၊ အစိမ်းတိုက် ခံရမယ်။

ကဲ..ဘယ်နှယ့်ရှိစ..။ မြန်မာတွေရဲ့ ပညာမှာ ဒီလိုဟောကွက်တွေအပြင်၊ ကလေးအသေမွေး၊ လူခြောက်မွေး၊ အမွှာမွေး မလား .. ဆိုတဲ့ ဟောကွက်မျိုးတွေလည်း အံ့ဘနန်း ကျန်ပါသေးတယ်။ ဆန်းကျမ်းဗေဒင်ဟာ ဘယ်အသက်ရောက်ရင် ဘာဖြစ်မယ် ဆိုတဲ့၊ ဘယ်ဖွားမို့ ဘာဆိုတဲ့ ပုံသေပညာ မဟုတ်ပါဘူး။ အမြဲတမ်း လှုပ်ရှားရှင်သန်နေတဲ့ ပညာသာ ဖြစ်ပါတယ်။ ဇာတာရှင် ဗေဒင်မေးသူရဲ့ စကားအပြောအဆို၊ ကိုယ်အမူအရာ၊ အစချီတဲ့ ဟန်ပန်အသံတွေကိုလည်း တွက်ကိန်းသင်္ချာတွေထဲက ရှာမတွေ့နိုင်တဲ့ ရိပ်ဖမ်း၊ သံဖမ်းဆိုတဲ့ ဟောနည်းနဲ့ ဟောချသွားပါလိမ့်မယ်။ တကယ်တတ်လို့ တကယ်တော်၊ တကယ်တော်လို့ သွေးထွက်အောင် တိကျမှန်ကန်ခဲ့တဲ့ ဆန်းကျမ်းဗေဒင်ပညာရှင်များအား ဂါရဝတရားဖြင့်...။

Read More...

Thursday, November 26, 2009

စနေ-ပလူတို သံသရာတစ်ပတ်

သာယန စနစ်အရ တူရာသီက စနေနဲ့ မကာရရာသီက ပလူတိုတို့ဟာ ၉ဝ ဒီဂရီအမြင်အယှဉ် တကျော့ပြန် ဖြစ်တည်လာနေပါပြီ။

၁၉၈၂-၈၃ လောက်က စနေနဲ့ ပလူတို တူရာသီမှာ ပူးယှဉ်တဲ့အခါတုန်းက အမေရိကန်သမ္မတ ရော်နယ်ရေဂင်နဲ့ ဗြိတိန်ဝန်ကြီးချုပ် မာဂရက်သက်ချာတို့သာ ကွန်ဆာဗေးတစ်တော်လှန်ရေးကို စတင်ခဲ့ပြီး နှစ်နိုင်ငံစလုံးမှာ ဘဏ္ဍာရေးစနစ်တွေ စတင်ချမှတ် ဆောင်ရွက်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းမှာ ဂယက်ရိုက်ခဲ့ဖူးပါတယ်။

၁၉၉၃ စနေနဲ့ ပတူတို ၉ဝ ဒီဂရီစတင် မြင်ယှဉ်ချိန် ဖြစ်တဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာတော့ World Trade Center ကို ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပြီး အခုချိန်အထိ မပြီးဆုံးသေးတဲ့ အမေရိကန်နဲ့ အစ္စလာမ်မစ်စ် စစ်သွေးကြွတွေအကြား တင်းမာမှုတွေကို စတင် မီးမွှေးခဲ့ပါတယ်။

တခါ... ၂ဝဝ၁ ခုနှစ်၊ စနေနဲ့ ပလူတို ၁၈ဝ ဒီဂရီဆန့်ကျင်ဖက် အမြင်အယှဉ်မှာတော့ အယ်လ်ကိုင်းဒါးတွေရဲ့ လက်သံပြောင်ချက်ကို စက်တင်ဘာ ၁၁ ရက်နေ့ အကြမ်းဖက်မှုကြီးနဲ့ သက်သေပြနိုင်ခဲ့ပါတယ်။

အနောက်တိုင်း နက္ခတ်ပညာအရ စနေဂြိုဟ်ဟာ ချုပ်တည်းခြိုးခြံတာ၊ စည်းကမ်းထိန်းသိမ်းတာ၊ အောင့်အီးမြိုသိပ် ရတာတွေကို ဖော်ပြပြီး ပလူတိုကတော့ အမှောင်တို့ရဲ့ အရှင်သခင်၊ သေမင်း၊ ပြန်လည်မွေးဖွားခြင်းနဲ့ မြေအောက်ကမ္ဘာကို ကိုယ်စားပြုပါတယ်။ အော်... ပလူတိုကို ဂြိုဟ်အဖြစ်ကနေ သိပ္ပံပညာရှင်တွေက သေခန်းရှင်ခန်း ဖြတ်ချလိုက်တယ် ဆိုပေမယ့် နက္ခတ်ဗေဒင်ပညာရှင်တွေကတော့ ပလူတိုရဲ့ အရေးပါပုံကို နောကျေအောင် သိထားတဲ့အတွက် ဂြိုဟ်အဖြစ် ဆက်လက် အသက်သွင်းထားဆဲ ဖြစ်ပါတယ်။

ကဲ..အခု သာယန စနစ်အရ တူရာသီက စနေနဲ့ မကာရရာသီက ပလူတိုတို့ဟာ ၉ဝ ဒီဂရီအမြင်အယှဉ် တကျော့ပြန် ဖြစ်တည်လာနေပါပြီ။ ကျွန်တော်တို့ ကမ္ဘာကြီးအတွက် ဘာတွေများ အမှတ်တရ လက်ဆောင်ပါးခဲ့မလဲ။ သည်းတထိတ်ထိတ်၊ ရင်တဖိုဖိုနဲ့ စောင့်ကြည့်ကြပါစို့ဗျာ။ အင်တာနက်မှာ မွှေနှောက်ရှာယူပြီး ထူးခြားတဲ့ ဂြိုဟ်အမြင်အယှဉ်တစ်ရပ် အဖြစ် ဒီကိစ္စကို မှတ်တမ်းတင်ထားလိုက်ပါတယ်။

Read More...

Sunday, November 22, 2009

ကမ္ဘာဆီသို့ ဦးတည်လျက်


ဖြေရှင်းချက်တွေ၊ အယူအဆ အကိုးအကားတွေ လိုက်ဖတ်ရင်း ၂ဝ၁၂ အတွက် ယတိပြတ် မျှော်လင့်ထားတဲ့ အရာတစ်ခုကို တွေ့ရှိခဲ့ပါတယ်။

နေအဖွဲ့အစည်းအတွင်းက ဂြိုဟ်တွေ တစ်တန်းတည်းကျနေတာကြောင့် ကမ္ဘာကို ကာကွယ်ပေးနေတဲ့ ကမ္ဘာ့သံလိုက်စက်ကွင်းတွေဟာ လာမယ့်နှစ်အနည်းငယ်အတွင်း ကြေပျက်ပြီး ကမ္ဘာ့ရာသီဥတုနဲ့ သဘာဝ ဘေးအန္တရာယ်တွေ ပိုမိုဖောက်ပြန် ပျက်စီးလာနိုင်တယ်လို့ အာရှ၊ အာဖရိက ဒေသဆိုင်ရာ ဘက်စုံသဘာဝဘေး ကြိုတင် သတိပေးအဖွဲ့ နည်းပညာဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဒေါက်တာထွန်းလွင်က ပြောကြားခဲ့ကြောင်း ဒီတစ်ပတ် စနေနနေ့ထုတ် The Voice Weekly ဂျာနယ်မှာ ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။

ကမ္ဘာအပါအဝင် နေမိသားစုက ဂြိုဟ်တွေဟာ လာမယ့် ၂ဝ၁၂ ခုနှစ်မှာ တစ်တန်းတည်း ကျမှာ ဖြစ်တဲ့အတွက် ကမ္ဘာကို ကာကွယ်ပေးထားတဲ့ သံလိုက်စက်ကွင်းတွေ ကြေပျက်ပြီး အာကာသက သံလိုက်စက်ကွင်းတွေ ဝင်ရောက်လာမှာ ဖြစ်ကြောင်း နာဆာအဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ဒေါက်တာဦးထွန်းလွင်က ရှင်းပြခဲ့ပါတယ်။

ဆက်လက်ပြီး ဦးထွန်းလွင်က " ကမ္ဘာ့ဝင်ရိုးဟာ ၂၂ ဒီဂရီကနေ ၂၄.၅ ဒီဂရီကို သွားနေပါတယ်။ ဒီလိုသွားတဲ့အခါမှာ အခုဆိုရင် ၂၃.၅ ဒီဂရီကို ရောက်နေပြီ။ ဒီလိုရောက်တဲ့ ဒီဂရီတိုင်းမှာ သူ့ပုံမှန်ရာသီဥတု ပြောင်းလဲမှုတွေက ရှိနေပါတယ်။ ဒါပေမဲ့ အခုအခြေအနေက ရောက်တဲ့ ဒီဂရီထက် ရာသီဥတုပြောင်းလဲမှုက ပိုပြီး မြန်နေပါတယ်။ ဆိုလိုတာက တောင်ဝင်ရိုးစွန်းမှာ ရှိတဲ့ အတ္တလန္တိတ်ရေခဲပြင်နဲ့ မြောက်ဝင်ရိုးစွန်းမှာ ရှိတဲ့ အာတိတ်ရေခဲပြင်တို့ဟာ အလေးချိန်အပေါ့ပါးဆုံး ဖြစ်လာပြီး နှစ်ဖက်မျှတမှု မရှိဘဲ ရွေ့သွားမယ်။ ရွေ့သွားတာနဲ့ အနည်းနဲ့အများ မျှခြေကို ထိန်းထားတဲ့ အရာတွေ အပြောင်းအလဲဖြစ်ပြီး မကြံစဖူး ရာသီဥတုနဲ့ သဘာဝဘေးတွေ ဖြစ်လာဖို့ ရှိတယ်။ "လို့ တွက်ချက် ပြောကြားသွားပါတယ်။

တလောတုန်းက ၂ဝ၁၂ မှာ ကမ္ဘာပျက်မလား ဆိုတဲ့ ခေါင်းစဉ်နဲ့ ဘလော့ဂါတွေ အသိုင်းအဝိုင်းမှာရော၊ တခြားသော မီဒီယာမျိုးစုံမှာပါ ဂယက်ရိုက်ခဲ့ပါတယ်။ ဘာသာရေးရှုထောင့်က ဆွေးနွေးသူတွေ၊ သိပ္ပံအယူဆနဲ့ ဖြေရှင်းသူတွေ၊ မာယာလူမျိုးတွေဘက်က အခမဲ့ရှေ့နေလိုက်ပြီး ၂ဝ၁၂ မှာ ပွဲသိမ်းဖို့ ပြင်ဆင်နေသူတွေနဲ့ တော်တော်လေး ရှုပ်ယှက်ခတ်စည်ကားခဲ့တာ တွေ့ရပါတယ်။ ဘာရယ်မဟုတ်ဘဲ ၂ဝ၁၂ ရုပ်ရှင်တောင် အတော် အောင်မြင်နေတယ်လို့လည်း ကြားရပါတယ်။ ဖြေရှင်းချက်တွေ၊ အယူအဆ အကိုးအကားတွေ လိုက်ဖတ်ရင်း ၂ဝ၁၂ အတွက် ယတိပြတ် မျှော်လင့်ထားတဲ့ အရာတစ်ခုကို တွေ့ရှိခဲ့ပါတယ်။

တခြားတော့ မဟုတ်ပါဘူး။ ၂ဝ၁၂ မှာ ၊ ၂ဝ၁၂ နောက်ပိုင်းမှာ ကမ္ဘာကြီးဟာ ကျွန်တော်တို့ လူသားတွေနဲ့ တခြားသော သက်ရှိ၊ သက်မဲ့မျိုးစုံတွေအတွက် နေလို့ထိုင်လို့ကောင်းမယ့် နေရာဒေသတစ်ခု၊ လုံခြုံစိတ်ချရတဲ့ အသိုက်အမြုံတစ်ခု အဖြစ် ရှိနေဦးမယ်လို့ လုံးဝ မမျှော်လင့်တော့တာပါပဲ။ အခုဒီပို့စ်ကို ရေးသားနေချိန်မှာ အပြင်က စိမ်းလန်းလှပနေတဲ့ သစ်ပင်လေးတွေ သူတို့သက်တမ်း ဘယ်လောက် ရှည်ရှည်နဲ့ ဟောဒီကမ္ဘာကြီးအတွက် အလုပ်အကျွေး ပြုသွားဦးမှာလဲ...မျက်ရည်စက်လက်နဲ့ သစ်ပင်လေးတွက လူသားတွေရဲ့ နောက်ဆုံးနေ့ကို မြင်တွေ့နိုင်ပါဦးမလား..။ သူ့ထက်မိုက်တဲ့ လူသားတွေကတော့ ကိုယ့်သေတွင်း ကိုယ်တူးရင်း ၂ဝ၁၂ ကို စောင့်မျှော်နေလေရဲ့။

Read More...

Wednesday, November 18, 2009

အရွတ် ကြိုက်သူများသို့

ကံမကောင်းလို့ ဒီလိုအခက်အခဲတွေ တွေ့ရတာကို မန္တန်ရွတ်ပြီး ဖြေရှင်းမယ်ဆိုရင် ကံကိုပစ်ပယ်ရာ မကျဘူးလား။ ကံကို မေ့ထားပြီး ဇွတ်အတင်း မန္တန်တွေကိုသာ ရွတ်နေရင် ကံကို မန္တန်ကကျော်လွန်နိုင်ပါ့မလား ဆိုတာ စဉ်းစားသင့်တယ်။

တလောကတုန်းက သူငယ်ချင်းတစ်ယောက်ဆီကနေ ဆရာမောင်ကျောက်တိုင်ရဲ့ မန္တန်ပညာဆွေးနွေးခန်း စာအုပ် လက်ဆောင်ရတယ်။ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကလည်း ကျွန်တော့်ဆီမှာ ဆရာမောင်ကျောက်တိုင်ပဲ ရေးသားတဲ့ မန္တန်ပညာ စာအုပ် ရှိခဲ့ဖူးတယ်။ ဆရာကြီးရေးသားတဲ့ ဒီစာအုပ်တွေဟာ ဘယ်ဂါထာ၊ ဘယ်မန္တန်ကို ရွတ်ရင် ဘာရမယ်၊ ဘာဖြစ်မယ် ဆိုတဲ့ မျှော်လင့်ချက်ပေးထားတဲ့၊ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ စာအုပ်မျိုး မဟုတ်ပါဘူး။ မန္တန်ပညာရဲ့ နောက်ခံသမိုင်း၊ အက္ခရာတွေရဲ့ စွမ်းအား၊ ဗီဇအသံ စတဲ့ နက်ရှိုင်းကျယ်ပြောလွန်းတဲ့ ဂန္ဓာရီပညာကို အလင်းတစ်စ ထွန်းညှိပြထားတဲ့ စာအုပ်တွေပဲ ဖြစ်ပါတယ်။

ဒီစာအုပ်ထဲက ဆရာမောင်ကျောက်တိုင်နဲ့ သူ့မိတ်ဆွေတစ်ဦး အမေးအဖြေ လုပ်ထားတဲ့ အခန်းက တချို့ကို ပြန်တင်ပြချင်ပါတယ်။ ဆွေးနွေးခန်းစာအုပ်မှာ ပါဝင်ခဲ့တဲ့ သူ့မိတ်ဆွေတွေထဲမှာ ဆရာကြီးမင်းသိင်္ခနဲ့ ဆရာသက်လုံတို့လို ပုဂ္ဂိုလ်တွေ ပါဝင်ခဲ့သလို၊ ဒေါက်တာတွေ၊ တရားရုံးချုပ်ရှေ့နေတွေ၊ စာရေးဆရာ၊ ပန်းချီဆရာနဲ့ ဗေဒင်ဆရာတွေလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

မိတ်ဆွေ- မန္တန်ပညာဆောင်းပါးမှာ မန္တန်ရွတ်လို့ အကျိုးခံစားရသူ ရှိသလို၊ မန္တန်ရွတ်သော်လည်း အကျိုးမခံစားရသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ ဒီလို မန္တန်အကျိုးကို မခံစားရတာ ဘာ့ကြောင့်ပါလဲ။

ဖြေ- မန္တန်အကျိုးခံစားရမှုနဲ့ မခံစားရမှုဟာ အလွန်ကျယ်ဝန်းလှပါတယ်။ အတော်လည်း နူးညံ့သိမ်မွေ့တဲ့ ပြသာနာ ဖြစ်ပါတယ်။ မန္တန်တွေက စွမ်းတာ များပါတယ်။ မစွမ်းတဲ့ မန္တန်မရှိဘူးလို့ ထင်ပါတယ်။ ဒါပေမယ့် လွယ်လွယ်တော့ ပြောလို့၊ ဆုံးဖြတ်လို့ မရဘူး။ ဒီတော့ မန္တန်ရယ်၊ မန္တန်ရွတ်တဲ့သူရယ်လို့ ပိုင်းခြားစိတ်ဖြာကြည့်ရင် ပိုကောင်းမယ်။ ဒီတခါမှာတော့ ရွတ်ဆိုတဲ့သူရဲ့ ကဏ္ဍကို ဆွေးနွေးတာပေါ့။

ရွတ်ဆိုမယ့်သူနဲ့ ပက်သက်လို့လည်း ပြောစရာ အများကြီးပါပဲ။ လောလောဆယ် လူအများတွေ့ကြုံနေရတဲ့အရာကို ပထမဆုံးပြောချင်ပါတယ်။ လူတွေဟာ အခက်အခဲလေး ရှိပြီ။ ဒုက္ခလေးတွေ့ပြီဆိုရင် မန္တန်ကို အားကိုးလာကြတယ်။ အခက်အခဲတွေ၊ ပြသာနာတွေ၊ မပြေလည်မှုတွေဟာ လူ့ပြည်မှာ တွေ့ရတာ ဓမ္မတာပါပဲ။ ကံမကောင်းလို့ ဒီလိုအခက်အခဲတွေ တွေ့ရတာကို မန္တန်ရွတ်ပြီး ဖြေရှင်းမယ်ဆိုရင် ကံကိုပစ်ပယ်ရာ မကျဘူးလား။ ကံကို မေ့ထားပြီး ဇွတ်အတင်း မန္တန်တွေကိုသာ ရွတ်နေရင် ကံကို မန္တန်ကကျော်လွန်နိုင်ပါ့မလား ဆိုတာ စဉ်းစားသင့်တယ်။

ကံကို မယုံကြည်တော့တဲ့အဆင့်ကို ရောက်သွားမှာ စိုးရတယ်။ ရှေးဘဝက အကုသိုလ်များလို့ ဒီဘဝမှာ ဒုက္ခတွေ တွေ့နေရတာကို မန္တန်ရွတ်လို့ ချမ်းသာပါ့မလား။ ကံတရားနဲ့ မန္တန် အစွမ်း အစွန်းတစ်ဖက်စီ မရောက်စေဘဲ မျှမျှတတ ယူတတ်ဖို့ လိုပါတယ်။ ဒီတော့ ကံဆိုး၊ ကံကောင်း နှစ်မျိုးတည်း ခွဲခြားသိနေတလောက်နဲ့တော့ မလုံလောက်သေးဘူး။ ကံတရား အကျိုးပေးပုံ၊ ကံကောင်းတာနဲ့ ကံဆိုးတာတို့ရဲ့ အချင်းချင်းတုံ့ပြန်မှု၊ အားပြိုင်မှု စတဲ့အချက်တွေကိုပါ ထည့်သွင်းစဉ်းစားတတ်ဖို့ လိုပါတယ်။ ကံစွမ်းအင်၊ မန္တန်စွမ်းအင်တွေ အပါအဝင် စွမ်းအင်ဟူသမျှဟာ ကန့်သတ်ချက်တွေ ရှိနေပါတယ်။

စာအုပ်က ဆောင်းပါးအမေးအဖြေတိုင်းဟာ ဘာသာရေးရှုထောင့်၊ ဂန္နာရီပညာရှုထောင့်၊ သိပ္ပံပညာ ရှုထောင့်တွေ အသီးသီးနဲ့ အင်မတန်စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒီစာအုပ်ရဲ့ အသွားအလာကို စာမြည်းသဘောလဲ တင်ပြချင်တာရယ်၊ တချို့တွေက ကျွန်တော်၊ ကျွန်မကတော့ဖြင့် တစ်နေ့ကို သမ္ဗုဒ္ဓေ ခေါက်ရေ တစ်ထောင်လောက် ရွတ်တာ၊ ပဋ္ဌာန်းကို သက်စေ့ရွတ်နေတာ အစရှိသဖြင့် စရဏအကျင့်တွေ အားကောင်းကြောင်း ပြောနေပြီး တကယ်တမ်း ရွတ်ဆိုလိုက်တဲ့ အသံ၊ ဂါထာ၊ အက္ခရာတွေရဲ့ အစွမ်းသတ္တိကို ပြည့်ပြည့်ဝဝရော ရကြလား၊ ဖြစ်လာကြသလား ဆိုတာ မေးခွန်းမထုတ်ဖြစ်၊ မထုတ်ဝံ့တဲ့သူတွေအတွက် စဉ်းစားစရာလေး ချပေးလိုက်တာပါ။

ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္နာဓိကကတော့ အရွတ်ဟာ အသားလောက် မကောင်းပါဘူး လို့ မှတ်ချက်ပေးခဲ့ဖူးပါတယ်။ အရွတ်ချည်းပဲ အားကိုးနေလို့ ငုတ်တုတ်ကနေ မတ်တပ်ဖြစ်မလာနိုင်သလို၊ အရွတ်ဆိုတာ မရှိခဲ့ရင်လည်း ငါးရံ့မင်းပရိတ်တော်ကို သစ္စာဓိဌာန်ပြု ရွတ်ဖတ်ပြီး လူသတ္တဝါတွေရဲ့ မိုးခေါင်ရေရှားဒဏ်ကို စွမ်းစွမ်းတမံ ကာကွယ်ရင်း မိုးကြီးရွာလို့ ချမ်းသာစေခဲ့တဲ့ သမိုင်းလည်း ရှိခဲ့မှာ မဟုတ်ပါဘူးလို့။

Read More...

Thursday, November 12, 2009

မွေးနံပြန်ပေါ်တဲ့ နာမည်ပေးနည်း

နာမည်မှ နာမည်ဆိုတဲ့ ဗေဒင်ဝါသနာရှင်တွေ၊ လေ့လာသူတွေ၊ စမ်းကြည့်လိုသူတွေ၊ ဗဟုသုတ တိုးပွားလိုသူတွေအတွက် တင်ပြလိုက်ပါတယ်။

မဟာဘုတ်လည်း မသိ၊ ဆန်းကျမ်းလည်း မတတ်၊ ဂဏန်းဗေဒင်လည်း နားမလည်၊ အင်္ဂဝိဇ္ဇာ ဝေလာဝေး၊ နာမည်ပေးနည်း ဘာတစ်ခုမှ တတ်စရာမလိုပါဘူး။ ဂြိုဟ်သက်တွေ သိရုံနဲ့ ဒီနည်းက အဆင်ပြေပါသွားပါလိမ့်မယ်။ ဒီနည်းလေးကို စမ်းကြည့်လိုက်ပါဗျာ။ ဒီနည်းကို ၁၉၇ဝ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး ဆရာဦးမောင်မောင်ဦးရေးသားတဲ့ မြန်မာ့ရိုးရာ ရှေးထုံးစဉ်လာဓလေ့များ စာအုပ်ဟောင်းလေးကနေ ထပ်ဆင့် ကောက်နုတ်တင်ပြတာ ဖြစ်ပါတယ်။ ဗေဒင်လေ့လာဖူးတဲ့ သက်တမ်း ဆယ်နှစ်ကျော်ကာလမှာ ကိုယ်ပဲအသုံးမကျလို့လား၊ မနှံ့စပ်ခဲ့လို့ပဲလား မသိ၊ ဒီနည်းစနစ်ကို အခုမှ မြင်ဖူးပါတယ်။ နာမည်မှ နာမည်ဆိုတဲ့ ဗေဒင်ဝါသနာရှင်တွေ၊ လေ့လာသူတွေ၊ စမ်းကြည့်လိုသူတွေ၊ ဗဟုသုတ တိုးပွားလိုသူတွေအတွက် တင်ပြလိုက်ပါတယ်။ သေချာဖတ်ကြည့်ကြပါ။

ဥပမာ..သောကြာသားတစ်ယောက် ဆိုပါစို့။ မွေးနေ့သောကြာကို ဂရုမစိုက်ပါနဲ့။ ထိန်လင်း လို့ ပေးလိုက်ပါ။ စနေ၊ ဗုဒ္ဓဟူး နာမည်တွဲပေါ့။ စနေဂြိုဟ်သက်က ၁ဝ နှစ်၊ ဗုဒ္ဓဟူးဂြိုဟ်သက်က ၁၇ နှစ်၊ နှစ်ခုပေါင်းတော့ ၂၇ နှစ်၊ ပေါင်းခြင်းရလာတဲ့ ၂၇ ကို မူလမွေးနေ့သောကြာဂြိုဟ်သက် ၂၁ နှစ်နဲ့ ထပ်ပေါင်းပေးလိုက်မယ်။ ဒီတော့ ၂၇+၂၁=၄၈ ရမယ်။ ၄၈ ကို ခုနှစ်နေ့ခုနှစ်နံ ကိုယ်စားပြုတဲ့ ၇ ဂဏန်းနဲ့ စားလိုက်မယ်။ ဒီတော့ ဘာကြွင်းမလဲ..။ ၆ ကြွင်းပါမယ်။ ဒီအကြွင်း ၆ ဟာ မူလ သောကြာနံ ဖြစ်ပါတယ်။ မူလဆီ ပြန်ရောက်ပါတယ်။

ဒီတော့ ဒီနည်းရဲ့ အနှစ်ချုပ်က မူလမွေးနံကို ခဏထား၊ ကြိုက်တဲ့နာမည်မှည့်လိုက်၊ မှည့်လိုက်တဲ့နံတွေရဲ့ ဂြိုဟ်သက်တွေ ပေါင်း၊ ပြီးရင် မူလမွေးနံရဲ့ ဂြိုဟ်သက်ကိုပါ ထပ်ပေါင်း အားလုံးပေါင်းခြင်းကိုမှ ၇ နဲ့စားလိုက်၊ အကြွင်းဟာ မူလမွေးနံပြန်ဖြစ်ရင် ပြီးပါပြီ။ တကယ်လို့များ ၇ နဲ့စားတဲ့ မူလမွေးနံ ပြန်ကြွင်းတဲ့အပြင် အရပ်ရှစ်မျက်နှာဆိုတဲ့ ၈ နဲ့ပါ ထပ်စားလို့ မူလမွေးနံ ပြန်ကြွင်းတယ် ဆိုရင်တော့ ထီးရော၊ တံခွန်ပါ ရတဲ့ပုဂ္ဂိုလ်လို အချိုပေါ် သကာလောင်းပါတယ်တဲ့ဗျာ။

တခြားသော ဗေဒင်ဝါသနာအိုးတွေ၊ ဗေဒင်ဆရာတွေတော့ မသိဘူး။ ကျွန်တော်တော့ ဒီနည်းစနစ်ကို စဖတ်ဖတ်ချင်းပဲ သဘောကျ နှစ်ခြိုက်မိပါတယ်။ မဟာဘုတ်မှာ အောက်သုံးလုံး၊ နမက္ခရမှာ တိုင်ခြေဂြိုဟ်နှစ်လုံး၊ အင်္ဂဝိဇ္ဇာမှာ တန်းအောက်ဂြိုဟ်တွေကို ဝေးဝေးရှောင်၊ ကောင်းပေ့ညွှန့်ပေ့ဆိုတဲ့ အပေါ်တန်းက ဂြိုဟ်တွေကိုမှ အသုံးချလို့ မဝနိုင်တဲ့ မြန်မာ့ရိုးရာ ဗေဒင်ပညာရှင်များအတွက် ဘယ်တန်းပေါ်၊ တိုင်ထိပ်၊ အညွန့်အညှောက်ကိုမှ လှည့်မကြည့်တဲ့ ဒီနည်းစနစ်ဟာ တုန်လှုပ်ခြောက်ခြားစရာတော့ ဖြစ်သွားနိုင်ပါတယ်။ နာမည်မှည့်နည်းတွေက ဟိုနည်းနဲ့ဆိုကောင်း၊ ဒီနည်းနဲ့ကျ မတည့်၊ သည့်ပြင်နည်းနဲ့ စစ်ပြန်တော့လည်း ဟုတ်သလိုလိုရှိ၊ သေချာချိန်ကြည့်ပြန်တော့ အပြစ်မကင်းနဲ့ သပွတ်အူလိုက်နေဆဲပါပဲ။ ဒီတော့ ပေးချင်တဲ့ နာမည်ပေးတယ် ဘယ်ကောင်ဂရုစိုက်ရမလဲကွာဆိုပြီး ထင်ရာစိုင်းပြီး ပေးချင်ရာပေး လွှတ်လိုက်ပြန်ရင်လည်း ပညတ်စိုးမိုးတဲ့ လောကမှာ အသိဥာဏ်အားနည်းတဲ့ လုပ်ရပ် ဖြစ်သွားမှာပါပဲ။

ဂြိုဟ်သက်ဆိုတာ မသိတဲ့သူတွေအတွက် မြန်မာ့ရိုးရာဗေဒင်ဘလော့ဂ်ကနေ အခုလို ကူးယူဖော်ပြလိုက်ပါတယ်။

တနင်္ဂနွေ ဂြိုလ်သက် ၆ နှစ်

တနလာင်္ ဂြိုလ်သက် ၁၅ နှစ်
အင်္ဂါ ဂြိုလ်သက် ၈ နှစ်
ဗုဒ္ဓဟူး ဂြိုလ်သက် ၁၇ နှစ်
စနေသား ဂြိုလ်သက် ၁၀ နှစ်
ကြာသပတေး ဂြိုလ်သက် ၁၉ နှစ်
ရာဟု ဂြိုလ်သက် ၁၂ နှစ်
သောကြာ ဂြိုလ်သက် ၂၁ နှစ်
ရာဟုဆိုတာ ဗုဒ္ဓဟူးနေ့  နေ့ လည် ၁၂နာရီကနေ ည ၁၂နာရီ အတွင်း မွေးတဲ့သူကို ခေါ်တာပါ။

အခုတင်ပြခဲ့တဲ့ ဒီဂြိုဟ်သက်နည်းစနစ်မှာ ဥပမာအနေနဲ့ မဟာစည်ဆရာတော်ကြီး၊ ဝေဘူဆရာတော်ကြီးနဲ့ ဇာလီတောင်ဆရာတော်ကြီးသုံးပါးကို တွက်ပြထားပါတယ်။ ဘာသာရေးနဲ့ဗေဒင်ကို ဒွေးရောယှက်တင်လုပ်တာတော့ မဟုတ်ပါဘူး။ တွက်ကိန်းနဲ့ ဖြစ်ရပ် လာတိုက်ဆိုင်နေလို့ တင်ပြသွားဟန်တူပါတယ်။ ဘာပဲဖြစ်ဖြစ် လွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်လောက်က စာအုပ်လေးဆီကနေ ကိုယ်လုံးဝမသိဖူး၊ မကြားဖူးတဲ့ ပညာတစ်ခု တိုးလိုက်တာ အဟောသုခံ ..လို့ပဲ ဝမ်းမြောက်ရင်း ဝါသနာပါသူများကိုလည်း ဝေမျှလိုက်ကြောင်းပါဗျား။

အော်..ဒီနာမည်ပေးနည်းပို့စ်ကို ကျွန်တော်သိသိ၊ မသိသိ၊ ကူးချသွားမယ့်သူများလည်း ကူးယူသွားတဲ့အတိုင်း ပညာအသိ တိုးပွားကြပါစေလို့ ဆန္ဒပြုပါတယ်။

Read More...

Saturday, November 7, 2009

အို..ဘားမားလို့ ဟောခဲ့သည်

စောင့်ကြည့်ရမှာကတော့ သမ္မတသက်တမ်း လေးနှစ်အတွင်းမှာ.. အိုဘားမား..ရယ်လို့ နိုင်ငံတကာက အံ့ဘနန်း ရင်သပ်ရှုမောသွားစေမယ့် ဘယ်လိုအပြောင်းအလဲတွေ

ကျနော်ကတော့ မြန်မာဗေဒင်ဆရာပီပီ အိုဘားမားရဲ့အောင်နိုင်ခြင်းဟာ အမြင်မှာနိမိတ် အတိတ်မှာလက်ဆောင် အသံမှာ တဘောင်ဟူတဲ့ အယူတော်မင်္ဂလာအရ မဝေးလှသော ကာလမှာ ကမ္ဘာပြည်သူများ ပါးစပ်ဖျားက အာမေဋိတ်သံဖြင့် အို . . . ဘားမား ဟု ရွှေပြည်ကြီးကို အံ့ဖွယ်ဘနန်း ချီးမွှန်းသြဘာ ပေးကြတော့မည်ကို ကြိုတင်မြင်ယောင် နေမိပါတော့တယ်။

ဒါကတော့ မနှစ်က အောက်တိုဘာ ၂၈ ရက်နေ့မှာ မြန်မာ့ရိုးရာဗေဒင်ဘလော့ကနေ ဆရာဇေယျာမောင်ကနေ ရေးသားတင်ဆက်ခဲ့တဲ့ အို..ဘားမား ဆောင်းပါး နောက်ဆုံးအပိုဒ်က စာသားတွေပဲ ဖြစ်ပါတယ်။

မကြာသေးခင်က ဆယ်စုနှစ်ကျော်ကျော် မြန်မာနိုင်ငံဘက် ခြေဦးမလှည့်ခဲ့တဲ့ အမေရိကန်နိုင်ငံက ထိပ်တန်းပုဂ္ဂိုလ်တွေ ကျောက်ခဲရေပေါ်သလို ရှားရှားပါးပါး ပြန်လာနေကြတာ ၊ အင်းယားကန်ကို ရေဖြတ်ကူးပြီး လူစွမ်းကောင်းလုပ်ပြခဲ့တဲ့ ဂျွန်ယက်ထော၊ သူ့ထက်သူ အစွမ်းပြပြီး ကိုယ့်လူကိုယ် ထောင်နူတ်ခမ်းစွန်းကနေ ကယ်ယူဆွဲခေါ်သွားနိုင်ခဲ့တဲ့ ဂျင်မ်ဝက် စသဖြင့် စသဖြင့် စသဖြင့်..သမ္မတအိုဘားမားရဲ့ သမ္မတသက်တမ်း တစ်နှစ်တာအတွင်းမှာပဲ ဆရာဇေယျာမောင် ဟောခဲ့သလို တစ်ကမ္ဘာလုံးက အာရုံစိုက်နေရတဲ့ ထူးခြားအံ့အားသင့်ဖွယ် မြန်မာ- အမေရိကန် ပေါင်းကူးဆက်နွယ်လာမှု ဖြစ်လာပါတယ်။

ဒီထက်ပို စောင့်ကြည့်ရမှာကတော့ သမ္မတသက်တမ်း လေးနှစ်အတွင်းမှာ.. အိုဘားမား..ရယ်လို့ နိုင်ငံတကာက အံ့ဘနန်း ရင်သပ်ရှုမောသွားစေမယ့် ဘယ်လိုအပြောင်းအလဲတွေ မြန်မာနိုင်ငံမှာ ဖြစ်လာမလဲဆိုတာ...၂ဝ၁ဝ ရွေးကောက်ပွဲ နဲ့အတူ စောင့်ကြည့်ကြပါစို့လားဗျာ။ မြန်မာတို့ရဲ့ အတိတ်တဘောင်၊ နိမိတ်ဆောင်၊ အယူတော် မင်္ဂလာပညာအား ဂုဏ်ယူဝမ်းမြောက်စွာဖြင့်...။

Read More...

Sunday, November 1, 2009

ဆေးပေါင်း တကယ် ခ၊ မခ...

ပြက္ခဒိန်ပါ အတိုင်း နိုဝင်ဘာ ၁ ရက်နေ့ည ၁၂ နာရီ တိတိမှာ ဆေးဖော်မယ့် အစီအရင်က နက္ခတ်ဗေဒင်အဖွဲ့ရဲ့ တွက်ချက်မှုအရ ဆိုရင် ကီးမကိုက်ဘူးဟေ့ လို့ ဆိုရမှာပါပဲ။

ဆရာကြီးမင်းသိင်္ခရဲ့ အယူတော်မင်္ဂလာခြံကြီးထဲမှာ တန်ဆောင်မုန်းလပြည့်ညမှာ ဆေးပေါင်းခတဲ့အတွက် နှစ်စဉ်နှစ်တိုင်း မျက်နှာပွင့်၊ လာဘ်ခေါ် ဆေးဖော်ပွဲကြီးကို ပြုလုပ်ကျင်းပလေ့ရှိပါတယ်။ ဒီနှစ်မှာလည်း ထုံးစံအတိုင်း ကျင်းပဖို့ ရှိတယ်လို့ သတင်းကြားရပါတယ်။ နက္ခတ်ဗေဒင် လေ့လာသင်ယူဖူးတဲ့ ငယ်စဉ်အချိန်မှာ တွက်ရိုးပိုင်တဲ့ဆရာတစ်ဦးအဆိုအရ မြန်မာပြည်ပြက္ခဒိန်က လပြည့်နေ့တိုင်းမှာ လတကယ် မပြည့်ဘူးလို့ မှတ်သားဖူးပါတယ်။ နက္ခတ်ဗေဒင် တွက်ချက်မှုအရတော့ တနင်္ဂနွေနဲ့ တနင်္လာ ၁၈ဝ အံသာ (ဒီဂရီ) တိတိ မြင်တဲ့အချိန်ဟာ လပြည့်တာပါပဲ။ ဒါပေမယ့် လောင်ဂျီတွဒ်၊ လတ္တီတွဒ်တွေ၊ ဒေသစံတော်ချိန်တွေ မတူညီတာကြောင့် ဒေသအလိုက် လပြည့်ချိန်အတိအကျဟာလည်း အမျိုးမျိုးကွဲပြားသွားနိုင်ပါတယ်တဲ့။ ဒီလို အယူတော်မင်္ဂလာခြံကြီးရဲ့ ထုံးတန်းစဉ်လာ အစီအရင်ပွဲကြီးသတင်းနဲ့အတူ မကြာခင်မှာပဲ ထွက်လာတဲ့ သတင်းကတော့ ..

နိုဝင်ဘာ၁ရက်တွင် ကျရောက်မည့် တန်ဆောင်မုန်းလပြည့်နေ့တွင် နက္ခတ်ဗေဒ အလိုအရ မယ်ဇလီဖူးသုပ်စားခြင်း၊ ဆေးဖော်ဆေးကြိတ်ခြင်း၊ ဂါထာမန္တရားများ စီရင်ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ရန်မသင့်ဘဲ လမင်း၏ အထွန်းလင်းဆုံးနှင့် အားအင်အပြည့်ဝဆုံး အချိန်ဖြစ်သည့် နိုဝင်ဘာ၂ရက် ညဥ့်သန်းခေါင်ကျော်လွန်ပါမှ အဆိုပါ လောကီအစီအရင်များကို ပြုလုပ်လျှင် အကျိုးအာနိသင်များ ရရှိနိုင်လိမ့်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံနက္ခတ်ပညာရှင်များအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးဇေယျာကိုက ပြောသည် တဲ့..။ ကိုင်း..မှတ်ကရောပဲ။

ပြက္ခဒိန်ပါ အတိုင်း နိုဝင်ဘာ ၁ ရက်နေ့ည ၁၂ နာရီ တိတိမှာ ဆေးဖော်မယ့် အစီအရင်က နက္ခတ်ဗေဒင်အဖွဲ့ရဲ့ တွက်ချက်မှုအရ ဆိုရင် ကီးမကိုက်ဘူးဟေ့ လို့ ဆိုရမှာပါပဲ။ အဲလိုပဲ မြန်မာနိုင်ငံ တနံတလျားက ဒေသအသီးသီးက ပြက္ခဒိန်ပါ နေ့ရက်အတိုင်း ည ၁၂ နာရီမထိုးခင်မှာ မယ်ဇလီပင်ပေါ် ခွထိုင်နေတဲ့ ကိုကိုကာလသားတွေ၊ မယ်ဇလီပင်အောက်ကနေ ဆီနဲ့ပဲနဲ့နှမ်းနဲ့ မယ်ဇလီဖူးသုပ်မယ် တကဲကဲ လုပ်နေမယ့် ကာလသမီးတွေအတွက် .. ဒီညဟာ တကယ်ဆေးပေါင်း ခမခ.. ဘယ်ဆရာသမားက၊ ဘယ် ပြက္ခဒိန်က၊ ဘယ်ဂြိုဟ်သွားဂြိုဟ်လာက အာမခံမလဲ....။ ပျော်ပွဲရွှင်ပွဲအနေနဲ့ အပျော်တမ်း ဖလန်းတဲ့ သူတွေအတွက်ကတော့ မယ်ဇလီဖူးဟာ သိဒ္ဓိဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ မထူးပါဘူး။ ဒါပေမယ့် ဒီညတော့ ဆေးပေါင်းခပဟဲ့ ဆိုပြီး ရုပ်တည်ကြီးနဲ့ အစီအရင်တစ်ခုခုကို ဥုမ်တွေဘာတွေ ခံပြီး မာန်သွင်းနေသူအဖို့ ကတော့ သူမျှော်လင့်ထားတဲ့အတိုင်း သိဒ္ဓိ မဖြစ်လာခဲ့ရင် ပြက္ခဒိန်ကြီးပဲ လက်ညိုးထိုးရမလား..။ သူ့အစွမ်းအစပဲ သံသယဖြစ်ရမလား...တကယ်လို့ လမပြည့်ဘူးသာဆိုရင် ဘယ်သူ့ကို ကလော်ဆဲမိမလဲ..။ ကျွန်တော် ရန်းဂန်းကတော့ အခုလို လသာသာ ညမျိုးမှာ ကိုကျားကြီး (Tiger Beer)ကို ဘေးနားချ၊ ဂစ်တာလေးကို ရင်ခွင်ပိုက်ပြီး ခပ်မိုက်မိုက်လေးပဲ ဖြတ်သန်းသွားမှာ ဖြစ်ပါတယ်။

Read More...